Saturday, November 24, 2012

သက်ဝင်တဲ့နေ


ဆယ်စုနှစ်နှစ်ခုစာနီးပါးမှာ
မေ့လို့မရခဲ့တာပါကွယ်

ငါဟာ လူယဉ်ကျေး
အသိုင်းအ၀ိုင်းကို ဒေါက်ထောက်ကြည့်နေရ
အဲဒီမှာ မကျဆုံးဖို့လည်း
ကြိုးစားနေရသူပေါ့
ပြီး.....မင်းကိုလည်းလွမ်းနေခဲ့သူ

ဒီတောင်တန်းပေါ်မှာပျံနေတဲ့အုပ်ထဲက
ကျန်ခဲ့တဲ့ ငှက်တစ်ကောင်ဟာ ငါပါ
ကျားရိုင်းတစ်ကောင်လို့မစွပ်စွဲပါနဲ့
မွှေးပျံ့တဲ့နှင်းဆီနံ့တွေကိုတော့
အာရုံခံနိုင်ပါသေးရဲ့

အချစ်ရေ...........လို့ ခေါ်လိုက်မိတဲ့ညဟာ
အပူရှိန် ၁၀၆ ဒီဂရီတဲ့
ဖရေဇာပေါ်က အုန်းစိမ်းရည်သည်ကိုပြေးသတိရ
ပင်လယ်လိုလို ကမ်းစပ်တစ်နေရာ
သူ့အနားမှာ ငါရှိခဲ့

သူက ကျောက်တုံးတစ်တုံးလိုဆိုပေမယ့်
ငါ့မှာ အမှတ်တရတွေရှိတယ်
မင်းအတွက် ငါမိုးလင်းပေးတယ်......ညရေ
မာနတွေအားလုံး ခ၀ါချပြီး
ရာဇ၀င်ကို အပျောက်ဆုံး မခံနိုင်လို့ရယ်
လေဖိအားနည်းရပ်ဝန်းက မုန်တိုင်းကို
ငါစောင့်နေပါတယ်

ငါ့မှာ တန်ဖိုးသတ်မှတ်ထားတဲ့စက္ကူတွေမရှိဘူး
မင်းကိုကြိုနေမယ့် စိတ်တွေရှိတယ်
မင်းကိုမြင်ချင်တဲ့ မျက်လုံးတစ်စုံရှိတယ်
မင်းကိုမြတ်နိုးနေမိတာတစ်ခုတည်းတိကျပါတယ်
ဒါပေမယ့် စန္ဒယားကတော့
တီးဖို့မဟုတ်ဘူးတဲ့

အရာရာ အဆန်တွေသာ ဖြစ်နေ
အလွမ်းတွေအားကောင်းမောင်းသန်
မနက်ဖြန်မှာ ချစ်သူကိုတွေ့လိုက်တယ်

ဘာရယ်မဟုတ်
သူ့ကိုသွားချောင်းကြည့်တော့
မျက်လုံးတွေက ရွာတဲ့မိုးကြောင့်
မြင်ကွင်းပျောက်ရဲ့
သူ တကယ် မသေသေး
ကမ္ဘာရွာဖြစ်တာကြာခဲ့တယ်

မနက်ဖြန် မင်းကိုပေးဖတ်မယ့် သတင်းတစ်ခုက
ငါ....သဘာဝတရားမဲ့ ငယ်ရုပ်အတိုင်း
ပယ်လယ်နီနီကိုသွားမယ်

ဒီနေ့ သတိရမှုတွေ
မနက်ဖြန်တွေအတွက်လည်းဖြစ်တယ်
အသံဝင်နေတဲ့ မနေ့က
ငါ့ကိုလှမ်းအော်တဲ့အခါ
အချစ်ဦးဟာ မှန်တစ်ချပ်ဖြစ်နေ




2 comments:

Thura said...

လန်းလှခြည်းလားဗျ

Unknown said...

ကောင်းတယ်