Sunday, July 1, 2007

အတွေး ! !


သေသေချာချာစဉ်းစားကြည့်ရင်
မိန်းမသားများရဲ့ ဘ၀ဟာ
ရွေးချယ်ခံတွေဖြစ်နေတယ်
ကိုယ်ကရွေးချယ်ခွင့်မရှိဘူးတဲ့
ဆရာမကြီးရွှေကူမေနှင်းက
မိန်းမသားဆိုတာရဲ့……ခေါင်းစဉ်အောက်မှာပြောပြထားတာ

ဒီကနေ့ မှာ
အင်တာနက်ဆိုသူဟာ
မိန်းမသားတွေအတွက်
အဆိုပါရွေးချယ်ခံဟူသောစကားလုံးကို
လှောင်ရီ (ရယ်)မောလို့ နေပါတယ်

ဒီကနေ့ မှာ
အင်တာနက်ဆိုသူဟာ
ကမ္ဘာအရပ်ရပ်က
အမျိုးကောင်းသား ၊ အမျိုးကောင်းသမီး
အယုတ်အလတ် အမြတ်မရွေးလူတွေအတွက်
အကျိုးဆောင် ( မြားနတ်မောင်) ကောင်းတစ်ယောက်ဖြစ်လို့ နေပါတယ်

ယောင်္ကျားသားတွေနဲ့ တန်းတူဖိတ်ခေါ်နိုင်တဲ့ကမ္ဘာပြုမှုတွေက
မိန်းမတွေရဲ့ ရွေးချယ်ခံအဆင့်ကိုကျော်လွှားဖို့ 
အခွင့်အရေးပေးနေပြီပဲလား …….မပြောတတ် ။ ။

Network online တွေကြားမှာ
အမေဟာ……. ကျွန်မအတွက်ရတက်မအေး
အမြဲတမ်းတွေးနေခဲ့
ဃယာဝါသ ၊ သံဝါသနှင့် အာဝေဏိက …….တဲ့ ။ ။

ကျွန်မအိပ်လို့ မပျော်ဘူး ……..
“ရွေးချယ်ခံ” နဲ့ 
"ရွေးချယ်ခွင့်” စကားနှစ်ခွန်းဟာ
နိယာမတရားနဲ့ 
ဓမ္မတာတရားကြားမှာ
အခုထိ !
ယောင်လည်လည်ဖြစ်နေဆဲ ။ ။

No comments: