Monday, July 2, 2007

အချစ်ကြောက်သူ



  • လိပ်ပြာတစ်ကောင်ရဲ့ 

ရိသဲ့သဲ့ပျံဝဲမှုတွေနဲ့ 

တပ်မက်တဲ့စည်းဝိုင်းအတွင်းမှာ

ရင်ခုန်ခြင်းဆိုတာသေဆုံးနေခဲ့ ။ ။

  • မဲညစ်ညစ်ကောင်းကင်အောက်မှာ

အစွန့် ပစ်ခံလိုက်ရတဲ့

အပြာရောင်စာရွက်တစ်စကို

ငါ …………အခုထိအမှတ်ရနေရဲ့ ။ ။

  • နာရီလက်တံတွေလည်နေသရွေ့ 

စိတ်နာမှုကိုမျိုထားရတာ

ကိုယ်ကိုယ်ကိုယ်တော့

ပြစ်တင်ဝေဖန်ကဲ့ရဲ့ မိပေါ့ ။ ။

  • စဉ်းစားကြည့်မယ်လို့ 

ရောင်စုံကာလာတွေကြားက

ဟောဒီမာယာလွင်ပြင်ကြီးထဲမှာ

ဥပေကာလှိုင်းဒဏ်

အပါယ်ခံနှလုံးသားနှင့်ကျင့်သားမရသေးတဲ့

စိတ်အမာရွတ်တွေရှုပ်ပွနေဆဲ ။ ။

  • ချစ်သူရေ ! ! !

မင်းရဲ့ အသည်းစကားများ

ပြခန်းထဲကိုသွားကြပါ

မိုးခါးရေတစ်ပေါက်

အချစ်ကြောက်သမို့ 

အများလိုမသောက်ပါရစေနှင့်တော့ ။ ။

သက်ပြင်း

  • ကြည့်စမ်း ! !

ပရိယေသန

အာရက္ခ

ဝိပရိဏာမ

ကြီးမားတဲ့အဲဒီဒုက္ခ၀န်

လောကီမာန်တက်

ထမ်းရွက်နေကြသူတွေ ။ ။

  • သူတို့ ကိုယ်သူတို့ 

လောကနိဗ္ဗာန်ဆိုတာ

ဓနအင်အား

တိုက်နှင့်ကားဆိုပဲ ။ ။

  • အာရုံများစွာရဲ့ 

ဆာလောင်မွတ်သိပ်မှုအတွက်

Restruant ထဲမှာ

Rap ကိုရင်ခုန်ခံစား

ကာမဂုဏ်တွေကိုဝါးမြိုနေကြလေရဲ့  ။ ။

  • ငတ်လေသောက်လေနဲ့ 

အဆာမပြေနိုင်ကြတဲ့

လူတစ်ချို့ အတွက်

ရတက်မကင်း

သက်ပြင်းတွေအခါခါ ။ ။

နှောင်ကြိုးဖွဲ့ ချစ်ခြင်း


ကျွန်မရဲ့ 

ပူလောင်နေတဲ့သောကရက်တွေကို

မောင့်ရဲ့ ရက်စက်မှုတွေနှင့်

အရောင်တင်လေရော့သလား…….

ကျွန်မရဲ့ 

ရင့်ရော်နေတဲ့အလွမ်းတွေကို

မောင့်ရဲ့ စိမ်းကားမှုတွေနှင့်

ပျိုမြစ်စေရော့သလား …………

ကျွန်မရဲ့ 

ဖွင့်အံမရတဲ့စကားလုံးသေတွေကို

မပုတ်သိုးစေဖို့ 

မောင့်ရဲ့ အေးစက်စက်အချစ်တွေနှင့်

စီမံလေရော့သလား ……………

ထားရစ်ခဲ့တဲ့နာရီတွေထဲ

မေ့နိုင်ဖို့ ကြိုးစားဆဲမှာ

မောင်ဆိုတဲ့နှောင်ကြိုးကရစ်ပတ်

ဖြတ်လို့ မရတဲ့အဖြစ်

မောင် …… လှည့်ကြည့်ဖို့ သင့်တယ်

Sunday, July 1, 2007

အတွေး ! !


သေသေချာချာစဉ်းစားကြည့်ရင်
မိန်းမသားများရဲ့ ဘ၀ဟာ
ရွေးချယ်ခံတွေဖြစ်နေတယ်
ကိုယ်ကရွေးချယ်ခွင့်မရှိဘူးတဲ့
ဆရာမကြီးရွှေကူမေနှင်းက
မိန်းမသားဆိုတာရဲ့……ခေါင်းစဉ်အောက်မှာပြောပြထားတာ

ဒီကနေ့ မှာ
အင်တာနက်ဆိုသူဟာ
မိန်းမသားတွေအတွက်
အဆိုပါရွေးချယ်ခံဟူသောစကားလုံးကို
လှောင်ရီ (ရယ်)မောလို့ နေပါတယ်

ဒီကနေ့ မှာ
အင်တာနက်ဆိုသူဟာ
ကမ္ဘာအရပ်ရပ်က
အမျိုးကောင်းသား ၊ အမျိုးကောင်းသမီး
အယုတ်အလတ် အမြတ်မရွေးလူတွေအတွက်
အကျိုးဆောင် ( မြားနတ်မောင်) ကောင်းတစ်ယောက်ဖြစ်လို့ နေပါတယ်

ယောင်္ကျားသားတွေနဲ့ တန်းတူဖိတ်ခေါ်နိုင်တဲ့ကမ္ဘာပြုမှုတွေက
မိန်းမတွေရဲ့ ရွေးချယ်ခံအဆင့်ကိုကျော်လွှားဖို့ 
အခွင့်အရေးပေးနေပြီပဲလား …….မပြောတတ် ။ ။

Network online တွေကြားမှာ
အမေဟာ……. ကျွန်မအတွက်ရတက်မအေး
အမြဲတမ်းတွေးနေခဲ့
ဃယာဝါသ ၊ သံဝါသနှင့် အာဝေဏိက …….တဲ့ ။ ။

ကျွန်မအိပ်လို့ မပျော်ဘူး ……..
“ရွေးချယ်ခံ” နဲ့ 
"ရွေးချယ်ခွင့်” စကားနှစ်ခွန်းဟာ
နိယာမတရားနဲ့ 
ဓမ္မတာတရားကြားမှာ
အခုထိ !
ယောင်လည်လည်ဖြစ်နေဆဲ ။ ။

Friday, June 22, 2007



စောင့်နေသူများ


ဟုတ်တယ် !

အားလုံးကံစီမံရာပါဘဲ

ပျော်ရာမှာမနေရ.......တဲ့

တော်ရာမှာနေရတာကလည်း

ကံစီမံရာဘဲပေါ့လေ….။ ။

ကျွန်မအိမ်ကိုလွမ်းလှပေါ့ …..

ကျွန်မအဖေ့ကိုလွမ်းလှပေါ့…..

ကျွန်မအမေ့ကိုလွမ်းလှပေါ့…..

ရန်ကုန်မြို့ မှာ

မျက်လှည့်ပွဲတွေပြည့်နှက်…..

ရန်ကုန်မြို့ မှာ

ကာမဂုဏ်တွေပြည့်နှက်……

ရန်ကုန်မြို့ မှာ

ကံစီမံမှုတွေက..

အသွင်သဏ္ဍန်အမျိုးမျိုးနဲ့ 

ဟိုတစ်ဖက်ဒီတစ်ဖက်

ဒူးထောက်တောင်းပန်လို့ မရနိုင်ခဲ့ ။ ။

မနက်ဖြန်တွေအားလုံးကို

ကျွန်မကြိုဆိုနေရအုံးမယ် ….

ဒီနေ့ တော့

ထမင်းထက်…. သတင်းကရေးပါနေသလား ?

ထမင်းအတွက်….သတင်းကရေးကြီးနေသလား ?

ဝေခွဲဖို့ မတတ်ဘူး

ဘယ်လိုဘဲကြိုးစားကြိုးစား ….

အားလုံးကတော့..

တစ်နေ့ မှာ…ပြီးဆုံးသွားမှာပါပဲ

ဒီအတွက်လက်ချိုးရေတွက်စောင့်စားရင်းနဲ့ …….


ချစ်တတ်သူ


တွေ့ ဆုံကြပြီးပြီဆိုတာနဲ့ 

နှုတ်ဆက်ခွဲခွာကြရတာဟာ

ဓမ္မတာတရားတစ်ခုလို့ 

နှလုံးသွင်းထားတတ်သူပါ ။ ။

သံယောဇဉ်ဆိုတာကလည်း

မတွယ်ဖို့ မတားနိုင်တဲ့အရာတစ်ခု !

ခက်တယ် …..

အမှတ်တရဆိုတာတွေက

နုငယ်တဲ့အရွယ်တွေမှာပဲ

ရှိသင့်တာတဲ့လေ

ခက်တယ် ……

ဘာပဲဖြစ်ဖြစ်

ကျွန်မမှာနှလုံးသားတစ်ခုရှိနေခဲ့တယ် ။ ။

Thursday, June 21, 2007


သေချာတာက………….?


အားလုံး

သေခြင်းတရားကိုစောင့်ဆိုင်းနေကြ !

အသက်ရှင်ရပ်တည်ရေးခရီးရှည်

မိုင်တိုင်အတိအကျမသိရ………

အားလုံး

သေချင်းတရားကိုစောင့်ဆိုင်းနေကြ!

နေထိုင်ရေးအဆင်ပြေမပြေ

အိုကေတယ်အတိအကျမသိရ…….

အားလုံး

သေချင်းတရားကိုစောင့်ဆိုင်းနေကြ

အချစ်ရေးအဆင်ပြေမပြေ

ရေရှည်ဘယ်သူမှ အတိအကျမသိရ…

အားလုံး

သေချင်းတရားကိုစောင့်ဆိုင်းနေကြ

အိမ်ထောင်ရေးသာယာမှုရှိနိုင်မယ်

တကယ်အတိအကျမသိရ…………..

အားလုံး

သေချင်းတရားကိုစောင့်ဆိုင်းနေကြ

သူသူကိုယ်ကိုယ်မမြဲနိုင်တယ်

တိတိကျကျအနိစ္စ ။ ။