Thursday, January 10, 2008
ညမီးလျှံကြား ၀င်စားရှင်သန်သူ
မောရုံပေါ့ကွယ် !
အချစ်တွေက စူးရဲလွန်းတော့လည်း
အပြစ်တွေမမြင်နိုင်ခဲ့။ ။
ဒီတစ်ညလုံး
မင်းကို နားလည်နိုင်ဖို့
ကြိုးစားနေမိတယ်။ ။
မင်းဟာ . . . .
ရည်းစားတွေ ထည်လဲထား
နှလုံးသားအတုနဲ့ ပြုစား
ခံစားမှုအတုတွေ Online ကြားက ထုဆစ်နေသူလား
ငါစဉ်းစားနေမိရဲ့။ ။
တိမ်တွေကို
အရုပ်ရုပ်အမျိုးမျိုး ပုံဖော်ကြည့်ရင်း
အမှောင်နဲ့ အလင်းကို
ငါ!
မှားယွင်းစွာ ခံယူမိနေပြီလား ။ ။
ကောင်းကင်ထက်က ညမီးလျှံကြားမှာ
ဒီတစ်ညလုံး
ငါ!
ဝင်စားရှင်သန် နေမိပြီ။ ။
တိမ်ယောင်ဆောင် ခရီးစဉ်
ဘ၀ကြမ္မာ ကြွေအန်စာတွေ
စေညွှန်ရာလမ်းအတိုင်း လျှောက်လိုက်မိပေါ့ ။ ။
ဒီအချိန်မှာ
ချစ်သူတိမ်ဆီက မိုးတွေ
ဘယ်နေရာမှာရွာနေလေမလဲ ! တွေးမိရဲ့ ။ ။
*ခြေရာဖျောက်သွားတဲ့ ကောင်းကင်ကို လိုက်ရှာနေမိပြီ *
ဘယ်လိုချည်တိုင်မျိုးကမှ ငါ့ကိုမငြိတွယ်နိုင်ဘူး
အချိန်တန် အိမ်ပြန်တယ်ဆိုတာ
ငါ့အတွက်လား ?
တိမ်ယောင်ဆောင်ခရီးထဲက
နိုးထမိခဲ့ချိန်။ ။
Sunday, November 18, 2007
ကြိုး
စိတ်တသုန်သုန်ကိုယ်စီဖွင့် ခွက်လှည့်ကြပြီ
စနေထောင့်ကဇင်ယော်တေါဆိုနေတာဘာသီချင်းပါလိမ့်
ငါတို့လွမ်းရ
မောရ
စက်ဆုတ်ဖွယ်လောကီအာဟာရများချိုမြိန်စွ
ရေမျောပုလင်းထဲကကဗျာတွေနဲ့ ပင်လယ်ကိုပါးလေးပွတ်
ချော့ကြည့်တယ်
ခရုအသေတွေနဲ့ငါတို့ရဲ့စိတ်ဖြေရာများ
ဘီယာဘူးခွံထဲကနင်ငါ့ပဲတင်ရေဒီယိ
ငပလီရေ
အချိန်တန်တော့အိမ်အပြန်ခက်ခဲ့ရပါတယ်
၂၀၀၄
ဇတ်ကားမလဲတာ ၂၆ နှစ်
တုန်ခြင်းမှုန်ခြင်းသည်းခံနေရတာ ၁၆ နှစ်
နေ့စဉ်အရပ်ပုကြ
တွားသွားကြ
သားမွေးကြ
ကျွ်တော်တို့အထက်ကဆွေးမျိုးများ
ကျွန်တော်တို့အော်ကကဆွေမျိုးများ
နေသားတကျအမှောင်ဟာကိုယ့်အိမ်ယာပေပဲလား
လူဖြစ်ဟာအသံတိုးလှချည်ရဲ့အမေ
နိုင်ငံတော်အသစ်
ငွေကြေးသစ် ရာစုသစ် ကုန်စည်သစ်
နည်းပညာသစ်
လူ့ဖြစ်တည်မှုအသစ်
............................
............................
အစ်တကာ့အသစ်များ
အားလုံးမင်္ဂာပါ
ကမ္ဘာကြီးတဒီးဒီးနဲ့လည်နေသံနားစိုက်ကြ
ဟိုဖက်ကမ်းကမိးထိန်ထိန်ကို
စိတ်နဲ့လှမ်းခူးမိတဲ့အခိုက်
အခါခါသေထားတဲ့ ကျွန်တော့်အရိုးတေါစမ်းမိတယ်
အမေ
အမေ
အိပ်မက်တွေဆိုးလိုက်တာ အမေ
သန်းခေါင်ကျော်ပြီလို့ထင်ပါတယ်
မီးခလုတ်ဖွင့်ပေးပါအမေ
၁၉၈၈
သစ်ရွက်ဆွေးပုံအောက်က ခရုတွေမျက်လုံးကန်းတဲ့အထိ
လင်းတယ်
ဇီးကွက် လင်းနို့နဲ့ ကြွက်အချို့
အဟာရပြတ်သေပွဲ
နေလုံးကြီးလည်းအသံမထွက်တော့ဘူး
တောင်တန်း
တောအုပ် မြစ်ပင်လယ်
လက်ခမောင်းခတတ် ထစ်ချုံး ရုန်းကြွ နီစွေး ရဲရင့်
တင်ဆက်မှုကလှတယ်
သိခြင်းမသိခြင်းတွေ တစ်လှေထဲသင်းဖွဲ့ ဆန်တက်ကြ
အပေးအကမ်းကြီးကြီးမားမား
အဲဒီအလင်းထဲမှာ
တံခါးများဖွင့်ကြရဲ့
လမ်းမတွေသိမ့်သိမ့်ခါကြရဲ့
သာဓုမခေါ်ရဲတဲ့ မျကမ်နှာဖုံးတွေစိုလိုက်ခြောက်လိုက်
ငယ်နာမည်တွေတဝေါဝေါဆန့်ထွက်ကြရဲ့
ကောင်းကင်အပြည့်လက်ရုံးတွေ
လေးညို့ကိုင်ကြရဲ့
ကြည့်မှန်ထဲမှာတစ်ခြားလူအသစ်တစ်ယောက်ကို မြင်ကြရဲ့
`ဟိတ်´
ခေါ်လိုက်စမ်း
မုန်တိုင်းကိုလေချွန်ပြီးခေါ်လိုက်စမ်း
မိုးစက်ဖွဲဖွဲ
အဲဒီအလင်းထဲမှာ
Monday, July 2, 2007
အချစ်ကြောက်သူ
- လိပ်ပြာတစ်ကောင်ရဲ့ 
ရိသဲ့သဲ့ပျံဝဲမှုတွေနဲ့ 
တပ်မက်တဲ့စည်းဝိုင်းအတွင်းမှာ
ရင်ခုန်ခြင်းဆိုတာသေဆုံးနေခဲ့ ။ ။
- မဲညစ်ညစ်ကောင်းကင်အောက်မှာ
အစွန့် ပစ်ခံလိုက်ရတဲ့
အပြာရောင်စာရွက်တစ်စကို
ငါ …………အခုထိအမှတ်ရနေရဲ့ ။ ။
- နာရီလက်တံတွေလည်နေသရွေ့ 
စိတ်နာမှုကိုမျိုထားရတာ
ကိုယ်ကိုယ်ကိုယ်တော့
ပြစ်တင်ဝေဖန်ကဲ့ရဲ့ မိပေါ့ ။ ။
- စဉ်းစားကြည့်မယ်လို့ 
ရောင်စုံကာလာတွေကြားက
ဟောဒီမာယာလွင်ပြင်ကြီးထဲမှာ
ဥပေကာလှိုင်းဒဏ်
အပါယ်ခံနှလုံးသားနှင့်ကျင့်သားမရသေးတဲ့
စိတ်အမာရွတ်တွေရှုပ်ပွနေဆဲ ။ ။
- ချစ်သူရေ ! ! !
မင်းရဲ့ အသည်းစကားများ
ပြခန်းထဲကိုသွားကြပါ
မိုးခါးရေတစ်ပေါက်
အချစ်ကြောက်သမို့ 
အများလိုမသောက်ပါရစေနှင့်တော့ ။ ။
သက်ပြင်း
- ကြည့်စမ်း ! !
ပရိယေသန
အာရက္ခ
ဝိပရိဏာမ
ကြီးမားတဲ့အဲဒီဒုက္ခ၀န်
လောကီမာန်တက်
ထမ်းရွက်နေကြသူတွေ ။ ။
- သူတို့ ကိုယ်သူတို့ 
လောကနိဗ္ဗာန်ဆိုတာ
ဓနအင်အား
တိုက်နှင့်ကားဆိုပဲ ။ ။
- အာရုံများစွာရဲ့ 
ဆာလောင်မွတ်သိပ်မှုအတွက်
Restruant ထဲမှာ
Rap ကိုရင်ခုန်ခံစား
ကာမဂုဏ်တွေကိုဝါးမြိုနေကြလေရဲ့  ။ ။
- ငတ်လေသောက်လေနဲ့ 
အဆာမပြေနိုင်ကြတဲ့
လူတစ်ချို့ အတွက်
ရတက်မကင်း
သက်ပြင်းတွေအခါခါ ။ ။
နှောင်ကြိုးဖွဲ့ ချစ်ခြင်း
ကျွန်မရဲ့ 
ပူလောင်နေတဲ့သောကရက်တွေကို
မောင့်ရဲ့ ရက်စက်မှုတွေနှင့်
အရောင်တင်လေရော့သလား…….
ကျွန်မရဲ့ 
ရင့်ရော်နေတဲ့အလွမ်းတွေကို
မောင့်ရဲ့ စိမ်းကားမှုတွေနှင့်
ပျိုမြစ်စေရော့သလား …………
ကျွန်မရဲ့ 
ဖွင့်အံမရတဲ့စကားလုံးသေတွေကို
မပုတ်သိုးစေဖို့ 
မောင့်ရဲ့ အေးစက်စက်အချစ်တွေနှင့်
စီမံလေရော့သလား ……………
ထားရစ်ခဲ့တဲ့နာရီတွေထဲ
မေ့နိုင်ဖို့ ကြိုးစားဆဲမှာ
မောင်ဆိုတဲ့နှောင်ကြိုးကရစ်ပတ်
ဖြတ်လို့ မရတဲ့အဖြစ်
မောင် …… လှည့်ကြည့်ဖို့ သင့်တယ်
Sunday, July 1, 2007
သေသေချာချာစဉ်းစားကြည့်ရင်
မိန်းမသားများရဲ့ ဘ၀ဟာ
ရွေးချယ်ခံတွေဖြစ်နေတယ်
ကိုယ်ကရွေးချယ်ခွင့်မရှိဘူးတဲ့
ဆရာမကြီးရွှေကူမေနှင်းက
မိန်းမသားဆိုတာရဲ့……ခေါင်းစဉ်အောက်မှာပြောပြထားတာ
ဒီကနေ့ မှာ
အင်တာနက်ဆိုသူဟာ
မိန်းမသားတွေအတွက်
အဆိုပါရွေးချယ်ခံဟူသောစကားလုံးကို
လှောင်ရီ (ရယ်)မောလို့ နေပါတယ်
ဒီကနေ့ မှာ
အင်တာနက်ဆိုသူဟာ
ကမ္ဘာအရပ်ရပ်က
အမျိုးကောင်းသား ၊ အမျိုးကောင်းသမီး
အယုတ်အလတ် အမြတ်မရွေးလူတွေအတွက်
အကျိုးဆောင် ( မြားနတ်မောင်) ကောင်းတစ်ယောက်ဖြစ်လို့ နေပါတယ်
ယောင်္ကျားသားတွေနဲ့ တန်းတူဖိတ်ခေါ်နိုင်တဲ့ကမ္ဘာပြုမှုတွေက
မိန်းမတွေရဲ့ ရွေးချယ်ခံအဆင့်ကိုကျော်လွှားဖို့ 
အခွင့်အရေးပေးနေပြီပဲလား …….မပြောတတ် ။ ။
Network online တွေကြားမှာ
အမေဟာ……. ကျွန်မအတွက်ရတက်မအေး
အမြဲတမ်းတွေးနေခဲ့
ဃယာဝါသ ၊ သံဝါသနှင့် အာဝေဏိက …….တဲ့ ။ ။
ကျွန်မအိပ်လို့ မပျော်ဘူး ……..
“ရွေးချယ်ခံ” နဲ့ 
"ရွေးချယ်ခွင့်” စကားနှစ်ခွန်းဟာ
နိယာမတရားနဲ့ 
ဓမ္မတာတရားကြားမှာ
အခုထိ !
ယောင်လည်လည်ဖြစ်နေဆဲ ။ ။
Friday, June 22, 2007

စောင့်နေသူများ
ဟုတ်တယ် !
အားလုံးကံစီမံရာပါဘဲ
ပျော်ရာမှာမနေရ.......တဲ့
တော်ရာမှာနေရတာကလည်း
ကံစီမံရာဘဲပေါ့လေ….။ ။
ကျွန်မအိမ်ကိုလွမ်းလှပေါ့ …..
ကျွန်မအဖေ့ကိုလွမ်းလှပေါ့…..
ကျွန်မအမေ့ကိုလွမ်းလှပေါ့…..
ရန်ကုန်မြို့ မှာ
မျက်လှည့်ပွဲတွေပြည့်နှက်…..
ရန်ကုန်မြို့ မှာ
ကာမဂုဏ်တွေပြည့်နှက်……
ရန်ကုန်မြို့ မှာ
ကံစီမံမှုတွေက..
အသွင်သဏ္ဍန်အမျိုးမျိုးနဲ့ 
ဟိုတစ်ဖက်ဒီတစ်ဖက်
ဒူးထောက်တောင်းပန်လို့ မရနိုင်ခဲ့ ။ ။
မနက်ဖြန်တွေအားလုံးကို
ကျွန်မကြိုဆိုနေရအုံးမယ် ….
ဒီနေ့ တော့
ထမင်းထက်…. သတင်းကရေးပါနေသလား ?
ထမင်းအတွက်….သတင်းကရေးကြီးနေသလား ?
ဝေခွဲဖို့ မတတ်ဘူး
ဘယ်လိုဘဲကြိုးစားကြိုးစား ….
အားလုံးကတော့..
တစ်နေ့ မှာ…ပြီးဆုံးသွားမှာပါပဲ
ဒီအတွက်လက်ချိုးရေတွက်စောင့်စားရင်းနဲ့ …….